မြန်မာပြည်ရဲ့ ရိုရီစတိုင်းများဖြစ်ပါစေ

(၁)

လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ခန့်အပ်တာဝန်ပေးလိုက်တယ်ဆိုတဲ့ သတင်းဟာ ယုံရခက်ခက်နဲ့ပဲ အ မှန်တကယ် ဖြစ်လာခဲ့ပါတယ်။ ဦးဇော်ဌေးဟာ သမ္မတရုံး ညွှန် ကြားရေးမှူးအဖြစ် ဦးသိန်းစိန် အစိုးရရဲ့ မူဝါဒတွေကို တရားဝင် ဖြန့်ချိခဲ့သလို လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာမှာ မှူးဇော်နာ မည်နဲ့လည်း ပြည်သူ့ဆန္ဒနဲ့ ကိုက် ညီခြင်းမရှိတဲ့ ရေးသားမှုတွေ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ 

တာ ၀န်က အနားယူသွားပြီဖြစ်တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ မူဝါဒတွေကို ထောက်ခံခဲ့သူ၊ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်းမှာ အ တိုက်အခံပါတီခေါင်းဆောင်ဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြစ်တင်မှုတွေ ဆောင်ရွက်ခဲ့ သူတစ်ဦးကို ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင်က သူမရဲ့ ပြော ရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်တဲ့ သတင်းဟာ ကြားကြားချင်းမှာ အလွန်အံ့သြစရာ ကောင်းလှပေ မယ့် အမျိုးသားရင်ကြားစေ့ရေးကို တဖွဖွပြောခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်အကြောင်း ပြန်လည်တွေးမိတဲ့အခါ သိပ်ပြီးမထူးဆန်းလှတာကို သတိထားမိပါတယ်။


ဘာကြောင့်လဲဆိုရင် လူထု ခေါင်းဆောင်ဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေဖန်အပုပ်ချတာတွေလောက်ကို အသာထားလို့ သူမကို သေကြောင်းကြံစည်ခဲ့ တဲ့သူတွေကိုတောင် ခွင့်လွှတ်နား လည်ပေးပြီး လက်ဆွဲနှုတ်ဆက် လို့ အလုပ်အတူလုပ်ဖို့ ကြိုးစားခဲ့ တဲ့သူဖြစ်လို့ပါပဲ။ အစိုးရသစ် အနေနဲ့ မိမိနဲ့ တစ်ဖက်အဖွဲ့အ စည်းတွေက ပုဂ္ဂိုလ်တွေကို အရေးကြီးတဲ့ ရာထူးနေရာတွေမှာလည်း ခန့်အပ်ထားခဲ့တာကို တွေ့ရမှာ ပါ။ အစိုးရသစ်ဦးဆောင်ရမယ့် အစိုးရယန္တရားအတွင်းမှာလည်း အစိုးရသစ်ကို အလိုမရှိတဲ့ ၀န် ထမ်းတွေရှိနေမှာပါပဲ။ လူထု ခေါင်းဆောင်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ အဲဒီဝန်ထမ်းတွေရဲ့ အားနဲ့ပဲ နိုင်ငံသစ်ကို အပြင်းချီတက်ရ တော့မှာပါ။

အစိုးရသစ်ကို စတင်စုဖွဲ့ပြီး တိုင်းပြည်အတွက် စတင်အလုပ် လုပ်မယ့်အချိန်၊ ဘေးပတ်ပတ် လည်မှာ အန္တရာယ်ရန်စွယ်တွေ အများကြီးဝန်းရံနေချိန်၊ လွှတ် တော်အတွင်းမှာလည်း သူမကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အ ဖြစ် ခန့်အပ်ဖို့ ရေးဆွဲတဲ့ ဥပဒေ ကြမ်းနဲ့ ပတ်သက်လို့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် တွေက အပြင်းအထန်ကန့်ကွက် နေကြချိန်၊ အစိုးရသစ်ရဲ့ ယန္တရားကို အနှောင့်အယှက်ပေးဖို့ ဘာ သာရေးအောက်လုံး၊ လူမျိုးရေး အောက်လုံးတွေသာမကဘဲ အနု ပညာလောကမှာပါ အောက်လုံး တွေသုံးနေတယ်လို့ ယူဆနေရတဲ့ အချိန်၊ ရွေးကောက်ပွဲကာလတုန်း က တစ်စုံတစ်ရာအကျိုးမျှော်ကိုး မှုနဲ့ တီရှပ်အနီရောင်ချက်ချင်း ပြောင်းဝတ်ပြီး လူထုပါတီအနိုင်ရ လို့ အစိုးရအဖွဲ့တောင် ပီပီပြင်ပြင် ရုပ်လုံးမပေါ်သေးချိန်မှာ ဟိုဟာ လုပ်ပေးပါ။ 

ဒီဟာလုပ်ပေးပါလို့ မရှက်မကြောက် စင်ပေါ်တက် တောင်းဆိုရဲသူတွေရှိနေချိန်၊ ဒီလိုအခြေအနေ ဒီလိုအချိန်အခါမှာ မိမိကို တစ်ခါမှ အကောင်းမမြင်ခဲ့ဘဲ မိမိရဲ့ယှဉ်ပြိုင်ဘက်ကို တောက်လျှောက်သစ္စာခံခဲ့သူတစ်ယောက်၊ လူထုကြားမှာလည်း ရုပ်ပြမကောင်းလှသူတစ်ယောက်ကို မိမိရဲ့ ပြော ခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်တဲ့ ကိစ္စဟာ တန်ရုံစွန့်လွှတ်မှု၊ တန်ရုံ မေတ္တာတရား၊ တန်ရုံစေတနာနဲ့ ဆောင်ရွက်နိုင်စရာမရှိတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ မီဒီယာခေတ်မှာ မိမိနဲ့ သဘောထားချင်းမတိုက်ဆိုင်ခဲ့ တဲ့သူကို မိမိရဲ့ ပြောရေးဆိုခွင့် အပ်နှင်းထားတာဟာ စွန့်စားမှု တစ်ခုဖြစ်သလို အမျိုးသားရင် ကြားစေ့ရေးအတွက် ပေးဆပ်မှု တစ်ခုဖြစ်ပါတယ်။

(၂)

ဒီနေရာမှာတောင် အာဖရိက ရဲ့ ပထမဆုံး လူမည်းသမ္မတ မစ္စတာ နယ်လ်ဆင်မန်ဒဲလား (Nelson Mandela) ရဲ့ ကိုယ်ရံတော်တွေထဲက ထင်ရှားသူတစ်ဦးဖြစ်တဲ့ ရိုရီစတိုင်း (Rory Steyn) ကို သတိရမိပါတယ်။ နှစ်ပေါင်းများစွာ လူဖြူအစိုးရရဲ့ မတရားဖိနှိပ်မှုအောက်ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားခဲ့တဲ့ မစ္စတာမန်ဒဲလားဟာ ၂၇ နှစ်ကြာအောင် လူဖြူအစိုးရရဲ့ ထောင်သွင်းအကျဉ်းချထားခြင်းကိုခံခဲ့ရပါတယ်။ မစ္စတာမန်ဒဲလားထောင်ကနေ လွတ်မြောက်လာချိန်မှာ လူဖြူတစ်ဦးဖြစ်တဲ့ ရိုရီစတိုင်းဟာ တောင်အာဖရိကရဲဌာနမှာ ရဲဝန်ထမ်းအ ဖြစ် တာဝန်ထမ်းဆောင်နေချိန်ပါ။ ရိုရီဟာ လူဖြူတစ်ဦးဖြစ်တာနဲ့ အညီ လူဖြူအစိုးရကို တောက်လျှောက် ထောက်ခံခဲ့သူဖြစ်ပြီး လူမည်းခေါင်းဆောင် မစ္စတာမန်ဒဲလားအပေါ်မှာ အမြင်မကြည်လင်ခဲ့ပါဘူး။ မန်ဒဲလားဟာ အကြမ်းဖက်သမားတစ်ယောက် ဖြစ်တယ်လို့ပဲ သူ့တစ်သက်လုံး ယုံကြည်ခဲ့တာပါ။

မစ္စတာမန်ဒဲလားဟာ ထောင်ကနေလွတ်ပြီး ၄ နှစ်လောက်အ ကြာ ၁၉၉၄ မှာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတအ ဖြစ် ရွေးချယ်တင်မြှောက်ခံရပါ တယ်။ အဲဒီတုန်းက သမ္မတမန်ဒဲ လားပြောခဲ့တာက ‘‘တောင်အာဖ ရိကနိုင်ငံတော်ဟာ လူဖြူ၊ လူ မည်းအားလုံးပါဝင်တဲ့ သူ့ပြည်သူ တွေအတွက်ဖြစ်တယ်’’ဆိုတာပါ ပဲ။ ဒီစကားကို မယုံကြည်ခဲ့သူတွေ နိုင်ငံနဲ့ တစ်ဝန်းရှိခဲ့တဲ့အထဲမှာ ရိုရီစတိုင်းဟာလည်း တစ်ယောက်အ ပါအ၀င်ပါ။

သမ္မတမန်ဒဲလားဟာ သူ့အ တွက် ကိုယ်ရံတော်တွေ ရွေးချယ် တဲ့အခါ လူဖြူ၊ လူမည်းအားလုံးပါဝင်စေခဲ့ပြီး အဲဒီအထဲက တစ် ယောက်ကတော့ ရိုရီစတိုင်းပါပဲ။ ဒါဟာ သမိုင်းတွင်တဲ့ ကိုယ်ရံ တော် ခန့်အပ်မှုပါပဲ။ ကိုယ့်ကို ထောင်ထဲမှာ ၂၇ နှစ်လုံးလုံး ပိတ် လှောင်ထားခဲ့တဲ့ အစိုးရတစ်ရပ် အပေါ် သစ္စာစောင့်သိရိုသေခဲ့သူ၊ မိမိအပေါ် အာဃာတရှိသူ၊ အ ကောင်းမမြင်သူတစ်ဦးကို မိမိအ သက်ကို ပုံအပ်ပေးထားရတဲ့ ကိုယ်ရံတော်ခန့်အပ်မှုပါပဲ။ ခွင့်လွှတ် မှုအားကြီးလွန်းသူတစ်ဦးဟာ သူ့ ရဲ့ အသက်ကို အမျိုးသားရင်ကြားစေ့ရေးမျိုးစေ့အဖြစ် ကြဲပက်စိုက် ပျိုးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုခန့်အပ်မှုအတွက် တောင်အာဖရိကပြည်သူတွေ အထူးသဖြင့် လူမည်းတွေဟာ အလွန် အံ့အားသင့်ခဲ့ရသလို စိုးရိမ်ပူပန်မှုတွေလည်းဖြစ်ခဲ့ရပါတယ်။ ရိုရီစတိုင်းနဲ့ အခြားလူဖြူသက်တော်စောင့်တွေ ကိုယ်တိုင်လည်း အလွန့်ကို အံ့အားသင့်ခဲ့ကြတာပါ။ အံ့အားသင့်မှုတွေနဲ့အတူ သမ္မတ မန်ဒဲလားရဲ့ တိုင်းပြည်အပေါ် လူဖြူ၊ လူမဲ မခွဲခြားဘဲ ထားရှိတဲ့ စေတနာကို သိမြင်လာပြီး သမ္မတ ကို အသက်ထက်ဆုံး ကာကွယ် စောင့်ရှောက် သွားခဲ့ပါတယ်။ သမ္မတမန်ဒဲလားရဲ့ ခြေတစ်လှမ်း အကွာနောက်ကနေ အမြဲအကာ အကွယ်ပေးခဲ့ပါတယ်။ 

ရိုရီရဲ့က ‘‘သူ့ (သမ္မတမန်ဒဲလား)ရဲ့ အဓိကအကျဆုံးအစီအစဉ်က တိုင်းပြည် ပြန်လည်တည်ဆောက်ရေးပဲ။ သူ ဟာ ထောင်ထဲမှာနေခဲ့တဲ့ ၂၇ နှစ် လုံးလုံး အဲဒီအတွက် ဘာတွေလုပ်မယ်ဆိုတာကို အချိန်တိုင်းအစီအ စဉ်တွေချနေခဲ့တာနေမှာပါ’’လို့ ဆိုပါတယ်။ ရိုရီစတိုင်းဟာ ၂၀၀၁ မှာ ‘‘မန်ဒဲလား နောက်ခြေတစ် လှမ်းအကွာ (One Step Behind Mandela) ဆိုတဲ့ စာအုပ်ကို ရေး သားပြုစုခဲ့ပြီး သူ့ရဲ့ သမ္မတကိုယ် ရံတော်ဘ၀စာမျက်နှာတွေကို ပုံ နှိပ်ထုတ်ဝေခဲ့ပါတယ်။ အခုဆိုရင် တောင်အာဖရိကနိုင်ငံမှာ လူဖြူ၊ လူမဲခွဲခြားမှုမရှိတော့ဘဲ အားလုံး ဟာ တောင်အာဖရိကနိုင်ငံသား တွေအဖြစ် ငြိမ်းချမ်းသာယာညီ ညွတ်စွာ နေထိုင်နိုင်ကြပြီ ဖြစ်ပါ တယ်။

(၃)

လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ဟာ ပညာ ဉာဏ်ကြီးသူဖြစ်သလို ပြည်သူအ ပေါ်ထားရှိတဲ့ စေတနာနဲ့ ကိုယ် ကျိုးစွန့်လွှတ်မှုက ၁၉၈၈ ကစလို့ ဒီကနေ့ ပြည်သူ့အစိုးရပေါ်ပေါက် လာချိန်အထိ အလွန်ထင်သာမြင် သာရှိတဲ့ ဥပမာတွေ အမြောက်အ မြားနဲ့မို့ မှတ်ကျောက်တင်ခံရဲတဲ့ အနေအထားဖြစ်ပါတယ်။ အ တိတ်ကာလ ဘယ်လိုပဲသင်ခဲ့ရလို့ ဘယ်လိုပဲ မြင်ခဲ့မြင်ခဲ့၊ ဘယ်လို ထင်ပြီး ဘယ်လိုပဲတုံ့ပြန်ခဲ့ တုံ့ပြန် ခဲ့ ဒီနေ့ဒီအချိန်မှာတော့ ဦးဇော် ဌေး ခေါ် မှူးဇော်ဟာ လူထုခေါင်း ဆောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်နည်းအားဖြင့် ရှေ့တန်းဉာဏ ကိုယ်ရံတော်အဖြစ် ခန့်အပ်ခြင်းခံ ရပြီ ဖြစ်ပါတယ်။ ရိုရီစတိုင်းဟာ သမ္မတမန်ဒဲလားရဲ့ စေတနာကို နားလည်ပြီး တစ်သက်လုံးကိုယ်ရံ တော်အဖြစ် စောင့်ရှောက်ပေးခဲ့ သလို ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင်ရဲ့ တိုင်းပြည်အပေါ်ထားရှိ တဲ့ စေတနာကို နားလည်ပြီး ရှေ့ ကနေ မားမားမတ်မတ် ရပ်တည် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့် နေမိပါတယ်။

အဲဒီလိုပဲ စနစ်ဟောင်းမှာ မွေ့ပျော်နေကြတဲ့သူတွေ၊ စနစ် ဟောင်းကို ဖက်တွယ်ထားတဲ့သူ တွေ၊ စနစ်သစ်ကို အမြင်စောင်း နေသူတွေကိုလည်း လူထုခေါင်း ဆောင်ချပေးခဲ့တဲ့ အမျိုးသားရင် ကြားစေ့ရေးမျိုးစေ့ကို အပင်ပေါက်လာအောင် ၀ိုင်းဝန်းမြေတောင် မြှောက်ပေးကြပါလို့ အကြံပြု တိုက်တွန်းပါရစေ။ တောင်အာဖ ရိကနိုင်ငံမှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မစ္စတာမန်ဒဲလားလို တိုင်းပြည်ကို တည်ဆောက်ခဲ့သလို မြန်မာနိုင်ငံကို ပြန်လည်တည် ဆောက်ဖို့အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပြီ ဖြစ်ပါ တယ်။ ကျွန်တော်တို့ ပြည်သူအား လုံးကလည်း တောင်အာဖရိက ပြည်သူတွေ မစ္စတာမန်ဒဲလားကို ၀န်းရံသလိုဝန်းရံဖို့ အသင့်ရှိနေ ကြပါပြီ။ အမြင်မတူမကြည်ဖြူ ခဲ့ကြသူတွေကသာ ရိုရီစတိုင်း တွေ အမြန်ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ခိုင်ကြည်သစ် - 7day
Previous
Next Post »
Powered by Blogger.