ခင်အစိုးရလက်ထက်က ရှင်းရှင်းလင်းလင်း မဆောင်ရွက်ခဲ့သည့်ကိစ္စများ မေးမြန်းခြင်း သတိပြုရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအား သတိပေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် (ဓာတ်ပုံ − စိုင်းဇော်)
ယခင်အစိုးရ လက်ထက်က ရှင်းရှင်းလင်းလင်း ဆောင်ရွက်မှုမရှိခဲ့သည့် ကိစ္စရပ် များကို ယခုအစိုးရတာဝန်ရှိသူ များအား မေးမြန်းခြင်းသည် လက်ရှိ အခြေအနေအချိန်အခါနှင့် ကိုက်ညီမှုမရှိသဖြင့် မေးမြန်းမှု များကို သတိပြုရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ် တော်၌ သတိပေးပြောကြားလိုက် သည်။

မေလ ၇ ရက်တွင် ပြုလုပ် သည့် ပြည်သူ့လွှတ်တော်အစည်း အဝေး၌ ကျေးလက်ဒေသကိုယ့် အားကိုယ်ကိုး မီးလင်းရေးကိစ္စနှင့် ပတ်သက်၍ သနပ်ပင်မဲဆန္ဒနယ် မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်ဦး၏ မေးမြန်းမှုကို လွှတ်တော်ဥက္ကဋ္ဌ က အထက်ပါအတိုင်း သတိပေး ပြောကြားခြင်းဖြစ်သည်။

‘‘မေးခွန်းရှင်အနေနဲ့ ကိုယ့် ရဲ့မေးခွန်းဟာ အခြေအနေအချိန် အခါနဲ့ ကိုက်လား၊ မကိုက်လား သတိပြုဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ကာလက ဖြစ်ပျက်ခဲ့တဲ့၊ မရှင်း လင်းခဲ့တဲ့ ပြည်သူလူထု ရှင်းရှင်း လင်းလင်းသိအောင် မပြောခဲ့တဲ့ ဟာကို အခုကာလမှာ လာမေး တာကတော့ ဆက်စပ်ခြင်း၊ မ ဆက်စပ်ခြင်း ကိုယ့်မေးခွန်းကိုယ် ဦးစွာ သုံးသပ်ဖို့လိုပါတယ်။ ဒါကို မေးခွန်းတိုင်း၊ အဆိုတိုင်း သတိပြုဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ကာလက မရှင်းလင်းခဲ့၊ မလုပ်ခဲ့တဲ့ဟာကို အခုလက်ရှိ တာဝန်ရှိသူအပေါ်မှာ ဒီမေးခွန်းသွားမေးတော့ ကိုယ့်ရဲ့ မေးခွန်းက ဘယ်လိုလုပ်ပြီးတော့ အကျိုးအာနိသင်ရှိမှာလဲ။ အဲဒါ လေးကို သတိပြုဖို့ လိုပါတယ်’’ ဟု ဦးဝင်းမြင့်က သတိပေးပြော ကြားသည်။

ဦးမြင့်ဦးက သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်၏ ထက်ဝက်ကို ယခင်အစိုးရလက်ထက်က နိုင်ငံတော်မှ ကျခံပေးခဲ့ပြီး ယခုအစိုးရလက်ထက်၌ ထိုကဲ့သို့ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

‘‘ဥက္ကဋ္ဌပြောတဲ့ သဘောက တော့ အရင်အစိုးရလုပ်ခဲ့တဲ့ဟာ တွေကို အခုအစိုးရမှာ လာမမေး နဲ့လို့ ကျွန်တော် နားလည်လိုက် တယ်။ ခင်ဗျား အရင်အစိုးရက လုပ်ခဲ့တာတွေ ဘာလို့ လာမေးနေ တာလဲ။ ခင်ဗျားမေးခွန်းဟာ အ ချိန်အခါနဲ့ မကိုက်ညီဘူးလို့ ပြော သွားတာ။ ပြည်သူလူထုကတော့ ခက်ခဲနေတယ်ဆိုရင်တော့ အရင် အစိုးရက လုပ်ခဲ့တဲ့ဟာတွေကို အခုလိုအပ်လို့ မေးဖို့လိုရင်လည်း မေးမှာပဲ။ ပြည်သူလူထုက လွှတ် တော်ကိုယ်စားလှယ်တွေကတစ် ဆင့် မေးတဲ့အခါမှာ ပြည်သူ့ကိုယ် စားလွှတ်တော်ကိုယ်စားလှယ်က မေးပေးရမယ့်တာဝန် ရှိပါတယ်။ အန်ကယ်ကတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အတွင်းကပဲ ဆောင် ရွက်တာ ဖြစ်ပါတယ်’’ဟု လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။

လက်ရှိအစိုးရသည် ယခင် အစိုးရ၏ အမွေဆက်ခံခြင်းဖြစ် သည့်အတွက် ယခင်အစိုးရ၏ လုပ်ဆောင်ချက်များကို မမေးရဟုဆိုခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောသည်။

‘‘အရင်အစိုးရရဲ့ လုပ် ဆောင်ချက်တွေကို အခု အစိုးရတွေက ဆက်ခံရတာပဲ။ ကတိလုပ် ဆောင်ချက်ကို အမွေခံရတာပဲ။ အရင်အစိုးရ လုပ်ဆောင်ချက်ကို အကျိုးအကြောင်း ရှင်းပြနိုင်ရမှာ ပေါ့။ ဝန်ကြီးဌာနက အဟောင်း လေ။ ဝန်ကြီးအနေနဲ့ အရင်အစိုးရ က လုပ်ခဲ့တာဆိုလည်း အကျိုးအကြောင်းနဲ့ ဖြေပါလိမ့်မယ်။ အရင်အစိုးရလုပ်ခဲ့လို့ ကျွန်တော်တို့နဲ့ မဆိုင်ဘူးလို့ ပြောလို့မရဘူး။ အရင်အစိုးရ လုပ်ဆောင်ချက်အပေါ်မှာ ဝန်ကြီးအနေနဲ့ အကျိုးအကြောင်းလေး ရှင်းပြနိုင်ရမှာ ပေါ့။ ဝန်ကြီးက အသစ်ဆိုပေမယ့် ဌာနက အဟောင်းလေ။ အဲဒီမှာ အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေ ရှိတယ်လေ။ မှတ်တမ်းလည်း ရှိတယ်။ အဲဒါတွေ ကိုးကားပြီး အကျိုးအကြောင်းနဲ့ဖြေရမယ်လေ။ လွှတ်တော်ကိုယ်စားလှယ် တစ် ယောက်ဟာ ဒေသအခက်အခဲ၊ လိုအပ်ချက်၊ အစိုးရအားနည်း ချက်တွေ ထောက်ပြဖို့ တာဝန်ရှိ တယ်။ ဝန်ကြီးကတော့ အဲဒီလို မပြောပါဘူး။ ဒါပေမဲ့ လွှတ်တော် ဥက္ကဋ္ဌက ဝင်ပြောလိုက်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေအ နေနဲ့ မဖြစ်သင့်ဘူးလို့ မြင်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ မေးတဲ့မေးခွန်းကို ဝင်ရောက်ဟန့်တားတယ်လို့ မြင်တယ်။ အဲဒီလို မဖြစ်သင့်ဘူးလို့ မြင်တယ်’’ဟု ဦးဖေသန်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လက်ရှိအစိုးရ လက်ထက်တွင် မဟာဓာတ်အားလိုင်းမှ နှစ်မိုင်အကွာအဝေးရှိသည့် နေရာအထိ လျှပ်စစ်မီး သွယ်တန်းခြင်းလုပ် ငန်းကို ၂ နှစ်အတွင်း အပြီးဆောင် ရွက်မည်ဖြစ်ကာ ကိုယ့်အားကိုယ် ကိုး မီးလင်းရေးအား သက်ဆိုင်ရာ ကျေးရွာများမှ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ ကို ကူညီပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းကပြောသည်။

‘‘အရင်အစိုးရလက်ထက်က ဘာညာဆိုတာတော့ မပြောသင့် ဘူးထင်ပါတယ်။ အခု ဦးမြင့်ဦး မေးခဲ့တဲ့ မေးခွန်းက မေးသင့်မေး ထိုက်တဲ့ မေးခွန်းပါ။ ကျေးလက် မီးလင်းရေး၊ ကိုယ်ထူကိုယ်ထ ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေတိတိကျကျ ပြဋ္ဌာန်းထားတာလည်း မရှိဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ လည်း လုပ်ငန်းစဉ်တွေက နည်း နည်းရှုပ်ထွေးမှုရှိတဲ့အတွက် ဒါကို အခု ဘယ်လိုလုပ်နေတယ်ဆိုတာ တိတိကျကျ သေသေချာချာ ရှင်းပြသင့်တယ်။ အရင်အစိုးရလက် ထက်မှာလည်း ကိုယ်ထူကိုယ်ထ မီးလင်းရေးကို အစိုးရက ၅၀ ရာခိုင်နှုန်းစိုက်ပြီး လုပ်ပေးခဲ့တဲ့အတွက် အခုအစိုးရမှာ ဘယ်လိုလုပ်ပေး မလဲဆိုတာ မေးသင့်တဲ့ကိစ္စဖြစ်ပါ တယ်’’ဟု လွှတ်တော်ဥက္ကဋ္ဌသစ် ၏ ပြောကြားချက်အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးရဲထွန်းက သုံးသပ် သည်။

မင်းဟိန်းကျော်၊ ရန်မျိုးနိုင် / 7day
Previous
Next Post »
Powered by Blogger.