သံသာမိုးသိမ့်ကနေ အိမ်ခေါ်နာမည်လှလှလေးပြောင်းလိုက်တဲ့ မိုရှိုးကီ နဲ့တွေ့ဆုံခြင်း


သံသာမိုးသိမ့်ဆိုတဲ့ နာမည်နဲ့ အကယ်ဒမီဗန်းကိုင်မှ စတင်ကာ လူသိလာခဲ့တဲ့ သူမက အခုဆိုရင် မိုရှိုးကီဆိုတဲ့ အိမ်ခေါ်နာမည်လေးနဲ့ပဲ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ဆိုလာပါတယ်။ လက်ရှိမှာ ဗီဒီယို၆ကား ရိုက်ကူးထားတဲ့ မိုရှိုးကီက ၄ကားထွက်ရှိနေပြီဖြစ်ပြီး အခုရိုက်နေတဲ့ကားကြီးကတော့ သူမရဲ့ ပထမဆုံးရုံတင်ကားကြီးလို့သိရပါတယ်။ သရုပ်ဆောင်အပြင် ဂီတဖက်ကိုလဲ ၀ါသနာပါတယ်လို့သိရပြီး ဆရာခိုင်မြဲသာဆီမှာပါ အဆိုသင်တန်းတက်ရောက်နေတဲ့ မိုရှိုးကီနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်သမျှကတော့

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုကဒါရိုက်တာ ဦးဆာမိ ရိုက်တဲ့ သေနတ်တစ်လက် သနပ်ခါးတစ်စက် ဓားတစ်လက်နှင့်တူသော မိန်းမများ တဲ့။ ညီမအရင်ကားတွေကတော့ သံသာမိုးသိမ့်နဲ့ပဲလုပ်တယ်။ အခုကားမှာတော့ ညီမနာမည်ချိန်းလိုက်ပြီ။ ညီမရဲ့အိမ်ခေါ်နာမည်လေးပေါ့။ ဂျပန်လိုခေါ်ကြတဲ့ မိုရှိုးကီဆိုတဲ့ နာမည်လေးနဲ့ပဲဆက်လုပ်ဖြစ်ပါတော့မယ်။

-ဘယ်လိုကာရိုက်တာမျိုးလေးလဲ။

ညီမတို့လောကမှာဖြစ်ပျက်နေသလိုမျိုးပေါ့။ Miss တစ်ယောက် ပရဟိတလုပ်ချင်ယောင်ဆောင်ပြီး ငွေတွေအလွဲသုံးစားလုပ်တဲ့ကာရိုက်တာလေးပေါ့။

-ဒီလိုကာရိုက်တာမျိုးသရုပ်ဆောင်တဲ့အတွက် အခြား Miss တွေအထင်လွဲမှာမျိုးရောစိုးရိမ်မှုရှိလား။

ညီမကမော်လ်ဒယ်လောကထဲကနေ လာတဲ့အတွက် Miss တွေနဲ့လဲသူငယ်ချင်းပေါ့။ ဒါကိုယ်က ကာရိုက်တာတစ်ခုကိုပဲလုပ်ပြတာ ပုတ်ခတ်တာမဟုတ်ဘူးပေါ့။ Miss တော်တော်များများကလဲ သူငယ်ချင်းတွေဖြစ်တဲ့အတွက်နားလည်ပေးမယ်လို့လဲမျှော်လင့်ပါတယ်။ ဒါရိုက်တာက ဒါလုပ်ဆိုရင် ညီမတို့ဒါလုပ်ရတယ်။ သူများကိုပုပ်ခတ်တာမဟုတ်ဘူးလို့တော့ ညီမထင်ပါတယ်။

-ဒီကားက ညီမရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလား။

ဟုတ်ပါတယ်။ ကားကြီးကပထမဆုံးပါ။ ဗီဒီယိုကတော့ အရှေ့မှာ ၆ကားရိုက်ထားတယ်။ ၄ကားထွက်ပြီးပြီ။ နှစ်ကားထွက်ဖို့ကျန်ပါသေးတယ်။

-ထွက်ရှိထားတဲ့ကားတွေမှာရော ကိုယ့်ကိုပရိသတ်က မှတ်မှတ်ရရဖြစ်ခဲ့ရဲ့လား။

ညီမလွန်ခဲ့တဲ့တစ်နှစ် ဗန်းကိုင်လုပ်ပြီးကတည်းက အောင်သီရိနဲ့လက်တွဲပြီးဇာတ်ကားတွေစရိုက်ခဲ့တယ်။ ရွှေကြိုအနေနဲ့ရော၊ ကားရိုက်တွေမှာပါညီမကိုသိလာကြတယ်။ ဒါပေမဲ့ ညီမ စိုးရိမ်တာတစ်ခုက ညီမကနာမည်ကြီးပြောင်းချလိုက်တဲ့အချိန်မှာ ပရိသတ်မမှတ်မိတော့မှာတော့စိုးတယ်။ ဒါပေမဲ့ဒီကားလေးထွက်ခါနီးအချိန်ကျမှ ညီမနာမည်ကို စာနယ်ဇင်းတွေနဲ့မိတ်ဆက်သွားဖို့ရှိပါတယ်။

-သံသာမိုးသိမ့်နဲ့လုပ်လာပြီး ဘယ်လိုကဘယ်လိုနာမည်ပြောင်းဖြစ်သွားတာလဲ။

ညီမနာမည်က ပရိသတ်ခေါ်ရတာလဲထောက်မယ်လို့ထင်တယ်။ ချစ်စရာကောင်းတဲ့နာမည်လေးလဲ လိုချင်တယ်။ တော်တော်များများကလဲ အိမ်ခေါ်နာမည်ပဲခေါ်နေကျဆိုတော့ အားလုံးမှတ်လွယ်အောင်ချိန်းဖြစ်လိုက်တာပါ။

-ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးလေ့လာမှုတွေရှိခဲ့လဲ။

ညီမလက်ဦးဆရာ ဦးဟိန်းစိုးဆီမှာ ညီမသူ့ရှုတင်တွေလိုက်လေ့လာတယ်။ စက်အဖွဲ့သားတွေ၊ မင်းသားမင်းသမီး၊ ဇာတ်ပို့ဇာတ်ရန်တွေအားလုံးနဲ့ညီမရင်းနှီးတယ်။ ညီမအတွက် မစိမ်းဘူး။ အခုဦးဆာမိနဲ့လက်တွဲတယ်။ သူကညီမဆရာပဲ။ ညီမရိုက်ရမဲ့ရက်ကလိုသေးတယ်။ ဒါပေမဲ့ညီမရှုတင်ကိုနေ့တိုင်းလာတယ်။ လေ့လာတယ်။ ညီမရဲ့ပြင်ဆင်အားထုတ်မှုပေါ့။ ညီမဒီကားရိုက်တဲ့အခါမှာကိုခန့်နဲ့တွေ့တယ်။ ကိုခန့်ပြောခဲ့တဲ့စကားတွေကညီမလျှောက်လှမ်းရမဲ့လမ်းအတွက်ခွန်အားတစ်ခုဖြစ်စေတယ်။ ရှုတင်ကိုလာကြည့်လို့တစ်ခုခုရသွားရင်ဒါကိုယ့်အတွက်အမြတ်ပဲ။ လာကြည့်လို့ဘာမှမရရင်ရှုံးတယ်လေ။ ညီမအခန်းရိုက်ပြီးရင်လဲထိုင်ကြည့်တယ်။ အားလုံးပြီးမှပြန်တယ်။

-ရှုတင်မှာကြုံရတဲ့ အခက်အခဲကရော ဘာတွေရှိမလဲ။

မိုးတွင်းဆိုတော့ တစ်နေရာနဲ့တစ်နေရာ သွားရတာအခက်အခဲဖြစ်တယ်။ outdoor ဆိုရင်လဲ မိုးတိတ်ရင်ရိုက်တယ်။ မိုးရွာရင် အထဲပြန်ဝင်တယ်။ အဲ့ဒီလိုလေးပေါ့။ အဆင်ပြေအောင်တော့လုပ်ရတာပေါ့။ အကုန်လုံးကမဖြုံတော့ဘူးပေါ့။

-ဒီဟာပြီးရင်ရော ဘာတွေဆက်လုပ်ဖို့ရှိဦးမလဲ။ ဘာတွေလက်ခံထားတာရှိဦးမလဲ။

ဒါရိုက်တာဦးဆာမိနဲ့ကတော့ ရှေ့ကိုဆက်ပြီးလက်တွဲသွားဖို့အများကြီးရှိပါတယ်။ ဦးဆာမိက ညီမဖေဖေနဲ့သူငယ်ချင်းလိုဖြစ်နေတော့ စကားပြောရင်းပြောရင်းနဲ့သမီးဝင်ရိုက်ကြည့်ဆိုတာနဲ့ရိုက်ဖြစ်သွားတာပါ။

-ဂီတဖက်နဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုဆက်လုပ်သွားမလဲ။

ညီမအခုဆရာခိုင်မြဲသာဆီမှာ သီချင်းဆိုသင်တန်းတက်နေတာ ၁လပိုင်းထဲကပေါ့။ ညီမစီးရီးလေးလဲလုပ်ချင်တယ်။ အခုကကားရိုက်ကိုလုပ်နေတော့ စီးရီးဖက်တော့မလှည့်ဖြစ်သေးဘူး။ ဒါပေမဲ့ သီချင်းခွေလုပ်ဖို့အစီအစဉ်ရှိတယ်။ ကားရိုက်ထက်သီချင်းဆိုတာကိုပိုဝါသနာပါတယ်။ အခုသီချင်းလေးတွေလဲအပ်ထားတယ်။ ညီမရဲ့အသံနဲ့လဲပိုပြီးဖြစ်မယ်လို့ထင်တယ်။ နှစ်ခုစလုံးကိုကြိုးစားမယ်။ ဘယ်ဘက်ကနေထိုးဖောက်လို့ရမလဲပေါ့။ ထိုးဖောက်လို့ရတဲ့ဖက်ကထိုးဖောက်ပါမယ်။

-ညီမကိုအားပေးမဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

ညီမသံသာမိုးသိမ့်ဆိုတဲ့နာမည်ကို ဖျောက်ဖျက်လိုက်တယ်။ ပြောရမယ်ဆိုရင်တော့ အသစ်တစ်ယောက်လို့ခံယူပြီး စလုပ်တဲ့သဘောပေါ့။ အခုညီမနာမည်ပြောင်းပြီး အားပြန်ယူပြီးပြန်ထနေတဲ့ သဘောပေါ့။ အဲ့ဒီအတွက်ကြောင့် သံသာမိုးသိမ့်ဆိုတဲ့ လူတစ်ယောက်ကိုလဲ အမှတ်ရပေးပါ။ ခု မိုရှိုးကီ ဆိုတဲ့လူတစ်ယောက်ကိုလဲ အသိအမှတ်ပြုပေးဖို့တောင်းဆိုပါတယ်။

ခင်ဆွေသက် - Trend Myanmar
Previous
Next Post »
Powered by Blogger.