၂၀၁၆ က ကျွန်မအတွက် အရမ်းကို ထူးဆန်းတဲ့ နှစ်ပါ တင်ဇာမော်နှင့်တွေ့ဆုံခြင်း


ယခုနှစ်အတွင်း ရန်ကုန်နှင့်မန္တ လေးမြို့များတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲများ အောင်အောင်မြင် မြင်ကျင်းပနိုင်သည့် အဆိုတော် တင်ဇာမော်က ဇွန်လ ၁၈ ရက်တွင်တောင်ကြီးမြို့ အဝေရာမီးပုံးပျံ ကွင်း၌ တစ်ကိုယ်တော်ဖျော်ဖြေပွဲ တစ်ပွဲ ထပ်မံ ပြုလုပ်မည် ဖြစ် သည်။ ထို့ကြောင့် အဆိုတော် တင်ဇာမော်ကို တောင်ကြီးတစ် ကိုယ်တော်ဖျော်ဖြေပွဲအကြောင်း အပါအဝင် ၎င်း၏အနုပညာလှုပ် ရှားမှုအကြောင်း တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

တောင်ကြီးမြို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖြစ်ခဲ့တဲ့အကြောင်း အရင်ဆုံးပြောပြပေးပါလား။

ကျွန်မရဲ့ဆန္ဒကတော့ သီချင်းဆိုတဲ့ အဆိုရှင်တစ်ယောက်ဖြစ် တဲ့အတွက် ကျွန်မသီချင်းတွေကို ကြိုက်နှစ်သက်တဲ့၊ နားထောင်ချင်တဲ့ မြန်မာပြည်တစ်ဝန်းလုံးမှာရှိတဲ့ ပရိသတ်တွေကို နေရာမရွေး၊ အ ချိန်မရွေး သွားရောက်ဖျော်ဖြေချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ စိတ်ကူး လည်း အမြဲရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူးကို အကောင်အထည် ဖော်ဖို့က အားလုံးသိတဲ့အတိုင်း လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ရန်ကုန်တစ်ပွဲ ပြီးတဲ့အချိန်မှာ မမျှော်လင့်ဘဲ မန္တလေးပွဲကို ဆိုဖြစ်ခဲ့ပါတယ်။ အားလုံးသိပြီးတဲ့ အတိုင်း ပရိသတ်တွေ အရမ်းပျော်ကြ တယ်။ ကျွန်မကိုယ်တိုင်လည်း အရမ်းပျော်ပြီး ပီတိဖြစ်ရပါတယ်။ မမျှော်လင့်ဘဲ ထပ်ပြီး တောင်ကြီး မှာ ဒီလိုမျိုးပွဲဆိုခွင့်ရဖို့ကံတရား က အခွင့်အရေးအကြီးကြီးတစ်ခု အနေနဲ့ပေးပါတယ်။

ရှေ့မှာ တစ်ကိုယ်တော်ပွဲနှစ်ပွဲ လုပ်ထားတာဆိုတော့ ဒီပွဲမှာ ဖျော်ဖြေမယ့် သီချင်းတွေကို ဘယ်လို ရွေးချယ်ဖြစ်လဲ။

သီချင်းရွေးချယ်မှုအပိုင်းက တော့ ပရိသတ်တွေက ဆိုစေချင် တဲ့ သီချင်းတွေ တောင်းကြပါ တယ်။ နှစ်ပွဲစလုံးမှာ မပါတာ အပုဒ်နှစ်ဆယ်လောက်ရှိတယ်။ ဒါပေမဲ့ ၁၅ ပုဒ်လောက်ဆိုရင် တကယ် နားထောင်သင့်ပြီး ပရိသတ်တွေ နားထောင်ချင်တဲ့သီ ချင်းတွေ ပြုတ်သွားတယ်။ ဥပမာ မန္တလေးပွဲမှာဆို ‘တီအားမို’သီချင်းမဆိုခဲ့နိုင်ဘူး။ အဲဒီလိုသီချင်းတွေ ပြုတ်သွားတယ်။ တောင်ကြီးမှာ က Common ပရိသတ်ကြိုက်တဲ့ သီချင်းကို အများဆုံး ပါစေချင် တယ်။ အဲဒီအတွက်လည်း စီထားတယ်။ နှစ်ပွဲစလုံးမှာ မပါတဲ့ သီချင်းက ဆယ်ပုဒ်လောက်ရှိတယ်။ စုံတွဲသုံးပုဒ်အပါအဝင်ပေါ့။ အိမ်သီချင်းကို ဟန်ထွန်းနဲ့ ဆိုပေးမယ်။ စည်သူ(စည်သူလွင်)ရယ်၊ ကျွန်မ ရယ်၊ ချောစု(ချောစုခင်)ရယ်က ထာဝရအဖော်ဆိုတဲ့သီချင်းလေး ကို သူငယ်ချင်းသုံးယောက်ဆိုကြ မယ်။ တချို့သီချင်းတွေဆိုရင် ဘယ် Show မှာမှ မဆိုဖူးဘူး။ ဖြစ်နိုင်ရင်တော့ ငါးပုဒ်လောက် တစ်ခါမှ မဆိုဖူးတဲ့ သီချင်းတွေဆို ချင်တယ်။ ဥပမာ ချစ်သူမောင် ဆိုရင် တိုက်ကြည့်တယ်။ နံရံဆို တဲ့သီချင်းဆိုရင်လည်း တိုက် ကြည့်တယ်။ ဒါပေမဲ့ ရှိပြီးသား သီချင်းတွေနဲ့ အစပ်အဟပ်မတည့် ဘဲ နည်းနည်းလေးအဆင်မပြေ ဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီအတွက် သီချင်းတွေကို အရမ်းသတိထားပြီး စီစဉ်နေတယ်။

တစ်ကိုယ်တော်ပွဲတွေ တစ်ပွဲပြီး တစ်ပွဲကျင်းပဖြစ်နေတာဆိုတော့ တစ်ပွဲအောင်မြင်ပြီးရင် နောက် တစ်ပွဲအတွက် ဘယ်လိုတာဝန် ကြီးမှုတွေ ရှိတယ်လို့ ခံယူထား လဲ။

တောင်ကြီးမှာ တစ်ကိုယ် တော်သွားရခြင်းက ရန်ကုန်၊ မန္တလေးပွဲကို မကြည့်လိုက်ရတဲ့ တောင်ကြီးနဲ့ တောင်ကြီးနားက ပရိသတ်တွေအတွက် အဓိက ဦး တည်ခြင်းဖြစ်ပါတယ်။ ဆန္ဒက တော့ မန္တလေး၊ ရန်ကုန် နှစ်ပွဲ အောင်ပြီးသားဖြစ်တဲ့အတွက် တောင်ကြီးပွဲကိုလည်း အောင်ချင်

တယ်။ ကျွန်မဘက်ကတော့ ပရိ သတ်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လာကြည့်တဲ့ပရိသတ်က ကျွန်မသီချင်းတွေကို ခံစားပြီး နား ဆင်တဲ့ ပရိသတ်ဆိုရင် ဆယ် ယောက်ဆိုလည်း ကျွန်မအတွက် အောင်မြင်ခြင်းပဲ။ အယောက် တစ်ရာဆိုလည်း အောင်မြင်ခြင်း ပဲ။ ဒီစကားကို ၂၀၁၃ Duet Tourတုန်းကလည်း ပြောခဲ့ပါတယ်။ ပရိသတ်အများကြီး၊ နည်းနည်း လေးဆိုတာ ခွဲခြားခြင်းထက် ရှိနေတဲ့ပရိသတ်က ကျွန်မဆိုပြတဲ့ သီ ချင်းတွေ၊ ကျွန်မတို့အနုပညာရှင် အဖွဲ့က ဖန်တီးတဲ့ သီချင်းတွေအ ပေါ်မှာ သက်ဝင်ခံစားပြီး၊ ပျော် သွားပြီး ကျေနပ်တဲ့ ခံစားမှုရတယ်၊ပေးနိုင်တယ်ဆိုရင် အဲဒါက ကျွန်မတို့ရဲ့ အောင်မြင်ခြင်းပဲ။

ဖျော်ဖြေပွဲတွေမှာ သီချင်းတွေ အများကြီးဆိုပေမယ့် အသံမကျ သွားတာကို ပရိသတ်တွေက ချီး ကျူးကြတယ်။ ဒီရက်ပိုင်းမှာ လည်း အစ်မတို့ ရီဟာဇယ်တိုက် နေကြတဲ့ ဗီဒီယိုဖိုင်တွေကို ကြည့် ပြီး ကောင်းတယ်လို့ ပြောကြတာ ဆိုတော့ အသံပိုင်းကို ဘယ်လို လေ့ကျင့်ဖြစ်တာရှိလဲ။

လေ့ကျင့်မှုကတော့ အများ ကြီးတော့ မရှိဘူး။ သီချင်းကို ဆို နိုင်သလို၊ ဆိုတတ်သလိုဆိုတာ ပါ။ ဒါပေမဲ့ အဲဒီအထက်မှာ ပံ့ပိုး မှုတွေ ရှိပါတယ်။ အဲဒါက သင်ယူ လေ့လာခြင်းတွေရှိတယ်။ ကမ္ဘာ ကျော်၊ နိုင်ငံကျော်အဆိုတော် တွေ ဘယ်နေရာတွေမှာဆိုလဲ၊ ဘယ်လိုအနေအထားမျိုးနဲ့ဆိုလဲ။ စင်ပေါ်မှာ လုပ်တဲ့ ပါဖောမန့်က အစ ကျွန်မ လေ့လာတယ်။ အ တတ်နိုင်ဆုံး လေ့လာသင်ယူ တယ်။ အတုယူတယ်။ ကိုယ်နဲ့ လိုက်ဖက်မယ့် အသံအနေအထားမျိုး၊ အမူအရာမျိုးတွေကို အတု ယူသင့်တာ ယူတယ်။ ကိုယ်ကိုယ် တိုင်လည်း ကြိုးစားပြီး ကျင့်သုံး တယ်။ အဲဒီလိုအပ်ချက်တွေတော့ ပါတယ်။ ကျန်တာကတော့ ဘုရားပေးတဲ့ အသံနဲ့ အကောင်းဆုံးဖြစ် အောင် ကြိုးစားတာပါ။

တင်ဇာမော် Tour ဆိုပြီး နေရာ အနှံ့သွားဖို့လည်း စီစဉ်နေတယ် လို့ သိရပါတယ်။ အဲဒီအကြောင်း လည်း ပြောလို့ရရင် ပြောပေးပါဦး။

အဲဒါက တင်ဇာမော် Tour ဆိုပြီး ၂၀၁၇ မှာ သွားချင်တဲ့စိတ် ဆန္ဒကို ရင်ထဲမှာပဲ ထားခဲ့တာပါ။ အဲဒါကို အပြင်က ဘယ်လိုသိသွား မှန်းမသိဘူး။ ဒါပေမဲ့ အဲဒီလိုပွဲ လုပ်ချင်တဲ့ ကမ်းလှမ်းတာ စီစဉ် သူတွေရှိတဲ့အတွက် အဲဒီကနေ သိသွားတာလည်း ဖြစ်နိုင်တယ်။ ဒါတွေက ကျွန်မတို့အိပ်မက်တွေ ပေါ့။ အဓိက ကတော့ ကျွန်မ သီ ချင်းဆိုချင်တယ်။ ကျွန်မဆိုချင်တဲ့ သီချင်းတွေကို နားထောင်ချင်တဲ့ ပရိသတ်တွေရှိတဲ့ဆီမှာ ဆိုပြချင် တယ်။ အဲဒီအပေါ်မှာ ဖြစ်တဲ့အ ကြောင်းရင်းလို့ပဲ မှတ်ယူပါတယ်။ ဖြစ်လာရင်တော့ နှစ်ဦးနှစ်ဖက်စ လုံး ပျော်စရာမင်္ဂလာတစ်ပါးပါပဲ။ အခုလည်း ဘာပဲပြောပြော ၂၀၁၆မှာ မမျှော်လင့်ဘဲ၊ မစီစဉ်ထားဘဲ Tour လို့ ပြောနိုင်တဲ့ အနေအထားတစ်ခုပဲလေ။

အဲဒါဆို ၂၀၁၆ က အစ်မအတွက် ဘယ်လိုအမှတ်တရတွေ ကျန်ခဲ့ မယ့်နှစ်လို့ ပြောလို့ရမလဲ။

၂၀၁၆ က မမေ့နိုင်တဲ့ နှစ် တစ်နှစ်ပါပဲ။ ဘယ်မှာစလိုက်တာ လဲဆိုတော့ ကျွန်မရဲ့ မွေးနေ့မှာ စတာ။ ၂၀၁၆ ဖေဖော်ဝါရီ ၇ ရက်မှာ အသက်(၄၀)ပြည့်တယ်။ အသက်(၄၀)ပြည့် အထိမ်းအမှတ်ပွဲ လုပ်ရင်း ဒီလိုမျိုး မမျှော်လင့်ဘဲ အများသတ်မှတ်တဲ့ အောင်မြင်မှု ဆိုတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ ကျွန်မရဲ့မမေ့နိုင် တဲ့ နှစ်တစ်နှစ် မင်္ဂလာ အရှိဆုံး၊ အပျော်ရွှင်ဆုံး။ အဓိက က သီချင်းဆိုချင်တဲ့ အဆိုရှင် တစ်ယောက် ဖြစ်နေတော့ ကျွန်မဆိုချင်တဲ့ သီချင်းတွေကို နားထောင်ချင်တဲ့ ပရိသတ်တွေရှေ့မှာ အားရပါးရဆို ခွင့်ရပြီး ပရိသတ်တွေကလည်း အားရပါးရလက်ခံပြီး ပျော်တယ်၊ ကျေနပ်တယ်ဆိုတဲ့ အသိတရား က ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။ ၂၀၁၆ က ကျွန်မအတွက် အရမ်း ကို ထူးဆန်းတဲ့နှစ်ပါ။

ဒီပွဲပြီးရင် အင်္ဂလန်ကို ခဏပြန်ဦး မှာဆိုတော့ ပြန်လာရင် ဖျော်ဖြေ ပွဲတွေ ထပ်လုပ်ဖို့ ရှိဦးမလား။

ရှိမယ်။ အဲဒါကတော့ အချိန် နည်းနည်းယူမယ်။ ပြီးရင် ပြောပါ လိမ့်မယ်။ အစီအစဉ်တော့ ရှိ တယ်။ ၂၀၁၆ မှာတော့ ကျွန်မ တစ်ကိုယ်တော်က တောင်ကြီးက နောက်ဆုံးဖြစ်ပါတယ်။

အစ်မရဲ့ဖျော်ဖြေပွဲကြော်ငြာပုံ တွေကို ကြည့်ပြီး ပိန်သွားတယ်လို့ ပရိသတ်တွေက ပြောကြတာဆို တော့ ခန္ဓာကိုယ်ကို ဘယ်လိုထိန်း ဖြစ်လဲ။

အမှန်တကယ်ကတော့ ပိန် လိုက် ဝလိုက်ပဲ။ ကျွန်မက ကြိုး စားပြီး ဝိတ်ချတယ်။ ဝိတ်ချတဲ့ နေရာမှာ အဓိက က အစားလျှော့ တယ်။ ကစားတယ်ပေါ့ အိမ်မှာ။ အဲဒီလိုနည်းတွေနဲ့ နည်းနည်းစား မိရင် ပြန်ဝသွားလိုက်၊ ခဏနေပြန်ပိန်သွားလိုက်။ ပေါင်ချိန် ၁၂၂ ကနေ ၁၂၄၊ ပြီးရင် ၁၂၆၊ အဲဒီကနေ ၁၂၄၊ အဲဒီလို လည်နေတာ။ တောင်ကြီး ပွဲမှာတော့ ဘယ် လောက်နဲ့ သွားရမလဲ မသိဘူး။ လောလောဆယ်တော့ ၁၂၄။

ကျေးဇူးတင်ပါတယ်။

ဇွဲဉာဏ် - 7day
Previous
Next Post »
Powered by Blogger.