ရက် ၁၀၀ အတွင်း ဆိုင်ကယ်တစ်စီး ဖြတ်မောင်းသွားခြင်း


တစ်ရက် အင်းစိန်ဘက်မှ ဘတ်စ်ကားစီးလာရင်း သမိုင်းလမ်းဆုံတွင် မီးပွိုင့်မိသဖြင့် မိနစ်အတန်ကြာရပ်စောင့်နေရသည်။ ကားစပယ်ယာကောင်လေးက တံခါးပေါက်မှ ဟိုကြည့်ဒီကြည့်လုပ်ရင်း ဒရိုင်ဘာအား ‘‘ဆရာရေ ဆိုင်ကယ်တစ်စီးရပ်ထားတယ်ဗျ၊ ရှေ့မှာ မရပ်နဲ့နော် ဖမ်းလိမ့်မယ်’’ ဟု အော်ပြောလိုက်သည်။ စပယ်ယာကြည့်သည့် စီးတီးမတ်ရှေ့မှ ယာဉ်ထိန်းရုံအနီးတွင်တော့ ယာဉ်ထိန်းရဲစီးသည့် ဆိုင်ကယ်အဖြူ တစ်စီးရပ်ထားသည်ကို တွေ့ရ ၏။

သမိုင်းလမ်းဆုံတွင် အင်းစိန် ဘက်မှ မြို့ထဲဘက်သို့ သွားရာ လမ်းကြော၌ မှတ်တိုင်မရှိသည့်အတွက် ကုလားချောင်းမှတ်တိုင် သို့ သွားစီးရသဖြင့် သမိုင်းဘူတာ ရုံလမ်းဘက်မှလာသော ခရီးသွား များမှာ လမ်းဆုံမီးပွိုင့်ထိပ်မှ စောင့်၍ စီးကြပါသည်။ လိုင်းကားများ က မှတ်တိုင်မဟုတ်ဘဲ ရပ်၍ မတင်လိုသော်လည်း ခရီးသည် က များနေသဖြင့် ယာဉ်ထိန်းအ လစ်တွင် လစ်လျှင်လစ်သလို ရပ် တင်နေကြခြင်းသာဖြစ်သည်။ စည်းကမ်းပိုင်းကြည့်မည်ဆိုလျှင် ဤနေရာတွင် ယာဉ်မောင်းသူများ ရော ခရီးသည်များပါ တာဝန်ရှိပါ သည်။

ယာဉ်မောင်းများက လောဘကြီးကာ မီးပွိုင့်ထိပ်တွင် ကားရပ် တင်သဖြင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ရပါသည်။ ခရီးသည်များက လည်း သတ်မှတ်ထားသည့်နေရာ တွင် သွားရောက်မစီးဘဲ လမ်းဆုံ လမ်းခွမှရပ်ကာ စောင့်ကြသဖြင့် ယာဉ်အန္တရာယ်ကြီးပါသည်။ လိုင်းကားမောင်းသူများအားလုံး ညီညွတ်စွာ သတ်မှတ်မှတ်တိုင် တွင်သာရပ်ပြီး ခရီးသည်တင်မည် ဆိုလျှင်တော့ ခရီးသည်လည်း စည်းကမ်းရှိလာမည်ဟု ထင်ပါ သည်။ သို့မဟုတ်လျှင်တော့ ထို သို့ ဖြစ်တတ်သောနေရာများတွင် ယာဉ်ထိန်းရဲတစ်ဦး၊ ဆိုင်ကယ် တစ်စီးကို အမြဲတမ်းတာဝန်ပေး ထားရမလို ဖြစ်နေပါသည်။

အစိုးရသစ်က ရက် ၁၀၀ စီမံ ချက်ဖြင့် စည်းကမ်းရှိရန်အတွက် အမှိုက်မပစ်ဖို့၊ ကွမ်းတံတွေး မထွေးဖို့၊ ယာဉ်ကြောရှင်းဖို့ ဆောင်ရွက်နေချိန်တွင် အရုပ်ဆိုး အကျည်းတန်လှသည့် စည်းကမ်း မဲ့မှုတစ်ခုက ပေါ်ထွက်လာပြန် သည်။ ဧရာဘဏ်ဖလားလေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ဇွန်လ ၃ ရက်နေ့က သုဝဏ္ဏကွင်း တွင် မြန်မာအသင်းနှင့် စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းရှုံးနိမ့်ခဲ့သဖြင့် ပွဲ လာကြည့်သည့် ဆိုးသွမ်းပရိသတ် များက ထိုင်ခုံ ၈၂ လုံး ဖျက်ဆီးမှု ကြောင့် ကာလတန်ဖိုး ငွေကျပ် ၂၄ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ကိုယ့်နိုင်ငံအသင်းရှုံးသည် နှင့် ကိုယ့်နိုင်ငံပိုင် ထိုင်ခုံများဖျက် ဆီးပစ်သည်ဆိုသည်မှာ မည် သည့်အကျိုးရှိသနည်းဟု စဉ်းစားဖို့သင့်ပါသည်။ ထိုထိုင်ခုံများကို ဖျက်ဆီးသည့်အတွက် ကိုယ်အား ပေးသည့်အသင်းလည်း အကျိုး မရှိပါ။ ကိုယ်ဖြစ်ချင်ရာ မဖြစ်ရ၍ ဒေါသအလျောက် ကျူးလွန်ခြင်း သည် ဒီမိုကရေစီစနစ်ဖြင့်သွား မည့် ထွန်းသစ်စနိုင်ငံတော်၏ ပုံရိပ်ကို ထိခိုက်စေနိုင်ပါသည်။ ကိုယ့်အသင်းရှုံးလာလျှင် ကွင်းအ တွင်းသို့ ရေသန့်ဘူး၊ အရက်ပု လင်းနှင့် အရာဝတ္ထုများဖြင့် ပစ် ပေါက်ခြင်းများကိုလည်း ရပ်တန်း ကရပ်သင့်ပြီး စင်ကာပူရှိ မြန်မာ အသင်းပရိသတ်များကဲ့သို့ ပွဲအ ပြီး အမှိုက်စုပေါင်းကောက်သည့် အလေ့အကျင့်လေးများ တစ်ခါ တစ်ရံပြုလုပ်စေလိုပါသည်။

အထက်ပါ ဘောလုံးကွင်း အတွင်း ထိုင်ခုံများ ဖျက်ဆီးခြင်း ကိစ္စသည် ပရိသတ်အချို့၏ အ ရက်သေစာသောက်စားမှုကြောင့် လည်း ဖြစ်နိုင်ခြေရှိသည်။ မူးယစ် ဆေးဝါးနှင့် အရက်သောက်သုံးမှု ကြောင့် မဆင်မခြင်ကျူးလွန်မိ သော မှုခင်းတွေ ယခုနှစ်ပိုင်းတွင် ပိုမိုများပြားလာသည်။ ထို့ကြောင့် လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရက် ၁၀၀ အတွင်း မူးယစ်ရမ်းကားမှုများကို ထိ ရောက်စွာ အရေးယူလာပြီး လိုင် စင်မဲ့ အရက်ဆိုင်များကိုလည်း ပိုက်စိပ်တိုက်ဖမ်းဆီးနေသည်ကို တွေ့ရသည်။

စစ်အစိုးရလက်ထက်က ဘီ ယာနှင့် အရက်ဆိုင်လိုင်စင်များ ကို ဖောဖောသီသီထုတ်ပေးထား ခြင်းကြောင့် ဘယ်နေရာသွားသွား အရက်ဆိုင်မရှိသည့်နေရာမရှိ။ တချို့နေရာများတွင် ဓမ္မာရုံနှင့် စာသင်ကျောင်းအနီး၌ပင် အရက် ဆိုင်ကို ရှာဖွေတွေ့ရှိနိုင်သည်။ ယခုလို အရက်ဆိုင်များကို ကြပ် မတ်စစ်ဆေးလာသောအခါ လိုင် စင်ချထားပေးသည့်အရပ်က တစ် နေရာ၊ ဆိုင်ဖွင့်ထားသည်ကတစ် နေရာ၊ ရောင်းချခွင့်ပြုသည့်အ ရက်ကအဖြူ၊ ရောင်းတော့အနီ။ အရက်လိုင်စင်မရှိဘဲ ဘီယာလိုင် စင်နှင့် အရက်ရောင်းသည့်ဆိုင် ကတစ်မျိုး၊ အရက်နီလိုင်စင်နှင့် နိုင်ငံခြားအရက်ရောင်းချတာမျိုး ကတစ်ဖုံ စသည်ဖြင့် ကွဲပြားသော အမျိုးအစားတွေ တွေ့လာရတော့ သည်။ ထိုသို့ လိုင်စင်သတ်မှတ် ချက်နှင့်မညီသော ဆိုင်များမှာ ယခုရက်ပိုင်းတွင် ကျီးလန့်စာစား ရောင်းချနေကြရသလို လိုင်စင် တစ်ခုမှမရှိဘဲ အရက်ပုန်းဆိုင်ဖွင့် သူများလည်း ကြက်ပျောက်ငှက် ပျောက်ပျောက်သွားကြသည်။

ထိုအထဲမှ ခေတ်အခါကို မသိဘဲ အရက်ပုန်းရောင်းသူတစ် ဦး၏အကြောင်းကို ပြောပြလိုပါ သည်။ ရန်ကုန်ဆင်ခြေဖုံးရပ် ကွက်တစ်ခုတွင် နှစ်ကာလများ စွာ အရက်ပုန်းရောင်းနေသူဖြစ် ၏။ ပြန်လည်ပြောပြသူများ၏ အဆိုအရ သူ့ဆိုင်ကို ရဲကလည်း မထိရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကလည်း မတို့ရဲဟု ဆိုပါသည်။ ယခုရက် ၁၀၀ စီမံချက်ဖြင့် အ ရက်ပုန်းဆိုင်များ ဝင်ဖမ်းသောအ ခါ ဖမ်းဆီးရေးအဖွဲ့က လိုင်စင်ရှိ ပါသလားဟု စစ်ဆေးခါမှ ရှိပါ တယ်ဟုပြောပြီး ကတ်တစ်ခုကို ထုတ်ပြသည်ဟုဆိုပါသည်။ ထို ကတ်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သောပါတီ၏ ရပ်ကွက်စည်းရုံးရေးမှူး ကတ်ပြားဖြစ်၏။ ထိုကတ်နှင့်ပင် ခေတ်အဆက်ဆက် အရက် ရောင်းခဲ့သည်ဟု ဆို၏။ ရဲက ထိုသူကို ချက်ချင်းလက်ထိတ်ခတ် ဖမ်းဆီးသည်ဟု ကြားရပါသည်။ ရပ်ကွက်ထဲတွင်တော့ ထိုသူ၏ အချိန်ကာလ ယန္တရားမသိပုံကို ပြောဆိုဟာသလုပ်ကြသည်တဲ့။

အရက်ဆိုင်များကို ကြပ်မတ်အရေးယူနေခြင်းသည် တရား ဥပဒေစိုးမိုးရေးအတွက် မူးယစ် ရမ်းကားမှု၊ ဒေါသအလျောက် ခိုက်ရန်ဖြစ်ပွားမှု စသည့်ရာဇဝတ် မှုများကို လျှော့ချရန် ရည်ရွယ်ရင်း ဖြစ်ပါလိမ့်မည်။ ယခုလို ကွမ်းယာစားမှုလျှော့ချရေး နှိုးဆော်လာချိန် တွင် မှုခင်းပိုင်းဖြင့် ကြည့်ကြည့်၊ကျန်းမာရေး ရှုထောင့်မှကြည့်ကြည့် အရက်သောက်သုံးမှု လျှော့ချရန်မှာလည်း ရက် ၁၀၀ အတွင်းသာမက အစဉ်တစိုက်ပြုလုပ်ရ မည့် စီမံချက်တစ်ခုလည်းဖြစ်ပါ သည်။

ယခုလို စီမံချက်ရက်ထဲ၌ပင် ကိုယ့်တွင် လိုင်စင်မပြည့်စုံဘဲ လောဘတက်ကာ အရက်ရောင်း နေသည့်ဆိုင်များကလည်း ရှိသေး ၏။ ကိုယ့်တွင်ရှိသည့် လိုင်စင်က အရက်ဖြူလိုင်စင်၊ ရောင်းနေ သည်က အဖြူရော အနီရော၊ နိုင်ငံခြားအရက်ပါ မချန်။ ဆိုင်က ရောင်းတော့လည်း သောက်သုံး သူက အေးအေးလူလူ။ သိပ် မကြာ ဆိုင်ရှေ့သို့ ဆိုင်ကယ်တစ် စီးရောက်လာပြီး ဆိုင်ရှင်အား ‘‘ပိတ်ပိတ်မြန်မြန်ပိတ် ဖုန်းဝင်လာ တယ် ဖမ်းဖို့လာနေပြီ’’ဟု အော် ပြောသွားသည်။ ဤတွင် ဆိုင်ရှင် ပျာယာခတ်ပြီး သူ့ပစ္စည်းတွေကို သိမ်း၊ သောက်သုံးသူတွေကို လည်း မောင်းထုတ်ကာ ဆိုင်တံခါးပိတ်တော့သည်။ ပိုက်ဆံ ပေးသောက်ရသူများမှာလည်း ရာဇဝတ်သားများနှယ် ထွက်ပြေး ကြရ၏။

များသောအားဖြင့် အရက် ဆိုင်ရှင်များကတော့ ဒီကိစ္စဟာ ရက် ၁၀၀ စီမံချက်မို့ ခဏပါဟု ပြောကြသည်။ ရုံးကလည်း ပြော ထားတယ်။ နောက်ပိုင်း အရင်လို ရောင်းရမှာဟုလည်း ဆိုသည်။ ဘယ်ရုံးကပြောမှန်းလဲမသိ။ စောစောက ဆိုင်ပိတ်ဖို့လာပြောသွား သော ဆိုင်ကယ်စီးသူမှာလည်း ဘယ်ကမှန်းမသိ။ သူ့ထံ ဘယ်သူ က ဖုန်းဆက်အကြောင်း ကြားမှန်း လဲမသိ။

ထိုသို့ မသိနိုးနားနှင့် ဖြတ် သန်းနေရသော ခေတ်ကြီးတစ် ခေတ် အမြန်ရပ်တန့်သွားဖို့လိုနေ ပြီဖြစ်သည်။ အရက်ဆိုင်ဖွင့်သူက လည်း သတ်မှတ်အခွန်ဆောင်ပြီး လိုင်စင်သတ်မှတ်ချက်အတိုင်း ရောင်း၊ သောက်သုံးသူကလည်း အလွန်အကျွံမသောက်သုံးလျှင် ဘာဥပဒ်မှ မဖြစ်နိုင်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်တော့ အလွန်အကျွံ အရက်သောက်သူများကို ဆိုင်ရှင် က ဆက်လက်မရောင်းရန် ညွှန် ကြားထားသည်။ ဆက်ရောင်းပါ က ထိုသူအမူးလွန်ပြီး ပြစ်မှုကျူး လွန်လျှင် ရောင်းချသော ဆိုင်ရှင် ပါ အရေးယူခံရသည်ဆို၏။ မြန်မာနိုင်ငံတွင်တော့ အရက် သမားဆိုင်ထဲ မူးရမ်းနေလျှင် ဆိုင်ရှင်ကပင် မျက်နှာချိုပြန်သွေးနေ ရသည်။ ဘောလုံးကွင်းထဲ ကိုယ် တိုင်သွားကြည့်သော မိတ်ဆွေက လည်း သူ့ရှေ့တွင် ခုံကိုနှဲ့ချိုးနေ တာတွေ့သော်လည်း တားချင်ပေ မယ့် မတားရဲ။ ထိုသူတွေက မူးနေသဖြင့် ရန်မဖြစ်ချင်ဟု ဆိုသည်။

အချုပ်ဆိုရသော် တိုင်းပြည် တိုးတက်ရန်အတွက် ကနဦးရက် ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ချက်များ အောင်မြင်ရန်မှာ ပြည် သူပြည်သူများအပေါ်တွင်လည်း တည်မှီနေပါသည်။ အစကဆို သလို စည်းကမ်းရှိရန်အတွက် ဆိုင်ကယ်တစ်စီးမြင်မှ လိုက်နာ သောသူများရှိသလို စည်းကမ်း ဖောက်ဖျက်နိုင်ရန်အတွက် ဆိုင် ကယ်တစ်စီးဖြင့် အကူအညီပေး နေသရွေ့ ရက် ၁,၀၀၀ စီမံသော် လည်း အောင်မြင်မည်မဟုတ်ပါ။ ဖွံ့ဖြိုးတိုးတက်သော ပန်းတိုင်ကို လည်း လှမ်းကိုင်နိုင်မည်မဟုတ်ပါ ကြောင်း.. ။

ဗညားလှိုင်ဦး - 7day
Previous
Next Post »
Powered by Blogger.